Tuesday, June 5, 2012

မောင်စိန်ဝင်း (ပုတီးကုန်း) မောင်လှမျိုး(ချင်းချောင်းခြံ) မင်းခိုက်စိုးစန်.....ကောင်းကင်ကို။ကဗျာ

1

ချစ်သူသစ်ပင်

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။


သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။



မောင်စိန်ဝင်း(ပုတီးကုန်း)


နွမ်းရယ်ရိကျွမ်း
နွေ၏ပန်းလေး
ချစ်သူနမ်းမှ
လန်းသွားတယ်။


မောင်လှမျိုး(ချင်းချောင်းခြံ)


“သင်ရိုးညွှန်းတမ်း”

သားဆိုးသားမိုက်
အမေ့သား
မမစိတ်ဆိုးပြလိုက်မှ
လိမ္မာရေးခြားရှိသွားတယ်။


မောင်လှမျိုး(ချင်းချောင်းခြံ)


“လှိုင်းရိုက်လှေလူး”

ဘ၀မြစ်တစ်စင်းရဲ့
ချစ်ခြင်းဆိုတဲ့လှေပေါ်မှာ
လှိုင်းအထောင် သောင်အငြိ
ယောင်တိယောင်ချာ။


လှေပျက်ပြီလို့ရွှေမျက်ရည်စို့တုန်ရီကာ
ယုံကြည်စွာဖြင့်လိုက်ဝံ့ဘူး
ကမ်းမမြင်ပန်းအ၀င်
တကယ်ခက်ပြီမို့
လက်တွဲဖော်ပြန်မရပြီလား
သံသယနဲ့အပြစ်တွေတင်
မြစ်ရေပြင်မှိုင်းအတိုက်မှာ
အချစ်ရေ . . .
လှိုင်းရိုက်လှေလူး။


မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့လှိုင်းရိုက်လှေလူးဝတ္ထုမှကောက်နုတ်ဖော်ပြပါသည်။


မာယာမိုး

ပြိုမယောင်
ဟိုတောင်က မိုး….. ။


လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။


မောင်စိန်ဝင်း (ပုတီးကုန်း)




နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။


သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။


ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။


ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။


ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။


ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…။





ဝေး

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။


အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။


သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။



မောင်စိန်ဝင်း (ပုတီးကုန်း)



တသက်တာ၌
နှစ်ခါတောင်းပန်၊ မတောင်းခံပါ၊
တခါနှင့်မရလျှင်၊ ဘာမှ မယူချင်ခဲ့သူပါ ...


တစ်စုံတရာကို၊ နှစ်ခါမလုပ်၊
တစ်ခါလုပ်ရုံ၊ ပြီးပြည့်စုံမှ
အားရကျေနပ်၊ နေတတ်ခဲ့သူပါ ...


တစ်ညတည်းမှာ၊ နှစ်ခါမအိပ်၊
သိပ်သတိရ၊ ညညတွေမျိုး၊
တစ်ရေးနိုးလျှင်၊ မိုးလင်းအထိ
ဆက်ထိုင်မိတတ်သူပါ ...


တစ်ငုံတစ်ဖူး၊ တစ်ပွင့်ခူး၍
ပန်းဦးအိပ်မက်၊ တစ်သက်တစ်ခါ
တစ်မျက်နှာတည်း
နှစ်မျက်နှာလည်း မတမ်းတတတ်သူပါ ...


ဒါပေမယ့်ကွယ်
ဘယ်တော့ဖြစ်ဖြစ်
အချစ်ကို တွေ့နေဖို့
အချစ် ကိုယ့်ကို မမေ့စေဖို့
အောက်ကျို့တောင်းပန်၊ အဖန်ဖန် အထပ်ထပ်
တစ်ရံမလပ်ပါ၊ နှစ်ခါမက
တဖွဖွနှင့်၊ မာနမဲ့တတ်သူပါကွယ်။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)


မေ့နိုင်မလား

ဖုံးဖိလို့မရ
ကယ ကြိုးအရုပ် ကြိုးလိမ်ရှုပ်မှ
နောက်ဆုတ်ဟန်ပျက်
ဆုံးဖြတ်ချက်ကိုလည်းမပြင်ချင်ပါ၊၊


လျှို့ဝှက်လို့မရ
ကြောင့်ကြမှု့ဝေဒနာ မျက်နှာပေါ်ဟပ်
အနေကျပ်မှ ဇာတ်ကောင်စရိုက်ပြောင်း
အလျှောက်ကောင်းသူ မဖြစ်ချင်ပါ၊၊


အခန်းဆက် ခရီးဇာတ်မှာ
အပြီးပြတ် ကြည်လင်နိုး
ယုံကိုးလို့စောင့် စောင့်ရင်းနဲ့ကြာ
လာ လာ လာ မည် ထင်မှတ်သည်ပဲ
ချစ်လျက်နဲ့ ခွဲရမည့်လမ်း
လွမ်းနေဦးမည့် မျက်နှာမညှိုးခင်
မျှော်လင့်နေချင်မှု့ တစ်ခုခုအတွက်
ဒေါသလည်း မထွက်ချင်ပါကွယ်၊၊


စောင့်ရင်းနဲ့ မလာမှန်းသိ
ကြည့်ရင်းနဲ့ မတွေ့တဲ့ အဆုံး
မမုန်းဘဲနဲ့ ဝေးတာမျိုးဖြစ်နေလျှင်
ဖူးတွေ့ချင်နေမှု့ တစ်ခုခုအတွက်
ရင်ထဲမှာလည်း မရှက်တတ်တော့ပါကွယ်၊၊



တကယ်ဆိုက မာနတရား
သူ့ခြေဖ၀ါးအောက်
ရောက်အောင်ပေးဆပ်
ချစ်တတ်ခဲ့ရင်း ယုံကြည်ရင်းမှ
နွံနင်းလို့ ကျွံနစ်ခဲ့တာမျိုး
ချုံတိုးလို့ ဆူးငြိတဲ့ အဖြစ်နဲ့
လမ်းတစ်ဆစ်မှာကျန် မချန်လှပ်ရက်
တစ်ယောက်တည်းလည်း
ခရီးမဆက်၇ဲပေမယ့်
လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ် .. အချစ်ရယ်၊၊


မောင်စိန်ဝင်း(ပုတီးကုန်း )


ထာဝရကလေးများ

မေ့တတ်ပါလျှင်
ဘာဖြစ်မှာလဲ ၊ ခွဲရန်ရှိသော
ဘ၀မောမှာ ၊ လွင့်မျောတတ်စွာ
ယာယီတိမ်လို
အို ... ခဏလေး
ဆေးသားပျက်ပြယ်သွားလိမ့်မယ်၊၊



တွေ့ဆုံခြင်းများ
အလျားတစ်ဆုံး၊ ခြယ်သီမှုန်းနေ
ဝေဒနာရောင်စဉ် ၊ သံယောဇဉ်များ
ခြေရာများကို ၊ ဆင့်ပွားဝေသည်
သိမ်းဆည်းမိ၍ .....
မေ့တတ်နိုင်ခြင်း၊ အလျဉ်းမရှိခဲ့ပါ၊၊



အရာရာသည် ...
ဝေးလာသည်မှ
သေးလာသည်မှ
တစ်စတစ်ခု ၊ဒြပ်ထုမရှိ
နတ္တိဗလာ ၊ ချုပ်ငြိမ်းပါတယ်
အနတ္တ္တ တရားနှယ်.....



တကယ်ဆိုမူ
မြူတစ်မှုန်ဖြစ်သော
အချစ်ဆိုလည်း အကောင်းသား ၊၊



ခုတော့ကွယ် ...
ဘယ်နေ့မှာလဲ ၊ခွဲရက်စောင့်ရင်း
ရင်တွင်းပြည့်သိပ် ၊သောကဖိတ်စဉ်
အိပ်မက် ဆန္ဒ္ဒ္ဒ္ဒ ၊ကဗျာစတို့
ထာဝရတစ်ခု ဖြစ်မှာလား ၊၊



မောင်စိန်ဝင်း (ပုတီးကုန်း )


သောကခြေရာ (၅)


တွယ်တာလှပေမယ့်

ကွယ်ရာကပဲ ချစ်တော့မယ်။


အဆင်ခက်လေတော့

မကြင်ရက်တယ် သခင်ဆိုမလား

ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

စိတ်ညစ်တယ်ကွယ်။


သံယောဇဉ် ခွေကာရစ်ပေမယ့်

ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

ချြစ်တတ်သူ အမူလုပ်ပါလို.

မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

ရင်တွင်းမှာ မကြည်မွေ.လေတော့

သည်နေ.လဲ စိတ်ညစ်တယ်

သိပ်ချစ်တယ်လို. မဆိုသာတော့။


ပါးစပ်ကပြောမှလား

နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး

အကြည့်ဆုံ ဝေဒနာနွေးတွေက

အကြင်နာခြေရာလေးတွေပဲ

အတွေးမှာ ရစ်တ၀ဲနဲ.

ချစ်သည်းရယ် ဘာသာဖြေလို.

မာယာတွေ ဟန်ဆောင်ထိန်းကာ

တစိမ်းတွေပေါ့။


မောင်စိန်ဝင်း(ပုတီးကုန်း) [သောကခြေရာ ရတနာကဗျာများ ]

2 comments:

  1. ရင်ထဲကလာသောကဗျာများ
    ဖတ်ခွင့်ရတဲ့အတွက်
    စီစဉ်သူကိုကျေးဇူးပါ...........

    ReplyDelete
  2. စိုးကိုဦးDecember 10, 2012 at 1:26 AM

    နောက်..လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်.....

    ReplyDelete